Showing posts with label တိုင်းရင်းဆေး. Show all posts
Showing posts with label တိုင်းရင်းဆေး. Show all posts

Sunday, 22 May 2016

ရမ်းကု လုပ်ကြမလား (ယူနီကုဒ်)

ဉာဏ်မှီသလောက် ဆန်းစစ်ကြည့်တော့
နေမကောင်းသူတွေကို အနောက်တိုင်းဆေး ပေးကုနေကြသူတွေမှာ

 ၁။ ရမ်းကု
 ၂။ ဆေးဆိုင်များ
၃။ အခြေခံကျန်းမာရေးဝန်ထမ်း ( သားဖွားဆရာမ၊ ကျန်းမာရေးလုပ်သား)
၄။ ကျန်းမာရေးမှူး
၅။ ဆရာဝန် ရိုးရိုး / အထူးကု
 ၆. အတွေ့ အကြုံရင့်နေသော ဆရာဝန် ရိုးရိုး / အထူးကု

 သူတို့ ပေးနေတဲ့ဆေးတွေမှာ
 ၁။ အဆင့်မှီဆေးဝါးများ ( အက်ဒီအေ မှတ်ပုံတင်)
၂။ နယ်စပ်ကသွင်းလာသော အဆင့်မမှီတမှီဆေးဝါးများ ( အက်ဒီအေ မှတ်ပုံမတင်)
၃။ နယ်စပ်ကသွင်းလာသော အဆင့်မမှီဆေးဝါးများ
၄။ ဆေးဝါးအတုများ

 အဲဒီထဲက ဘယ်လိုလူပေးတဲ့ ဘယ်အတန်းထဲက ဆေးဆို ကိုယ်ယုံယုံကြည်ကြည် သောက်ရဲလဲ?
ရမ်းကုပေးတဲ့ အဆင့်မှီမမှီ မသေချာတဲ့ဆေးဝါး ဆိုသောက်ရဲကြမလားဘဲ။

 ကဲ တိုင်းရင်းဆေးဆိုရင်ကော?
 ထူမခြားနားဘဲလို့ ယူဆပါတယ်။
လက်တွေ့မှာတော့ ဒီလိုမဟုတ်ပါ။ 

ကိုယ်သေချာမလေ့လာထားတဲ့ တိုင်းရင်းဆေးတွေကို လူတွေက တဆင့်အကြားနဲ့တင် ညွှန်းကြလေသတည်း။
ယုံကြည်စွာသုံးစွဲကြလေသတည်း။

အဲဒါ အင်္ဂလိပ်ဆေးကို ရမ်းကုကပေးတာနဲ့ ဘာကွာပါသလဲ။ 

ကျွန်တော်မြင်တဲ့ တိုင်းရင်းဆေးရဲ့ ပြသနာက
 (၁) တိကျသော သတင်း အချက်အလက် နည်းပါးခြင်း၊ 
(၂) ဆေးအတုအယောင်နဲ့ တိုင်းရင်းဆေး အစစ် မကွဲပြားခြင်းနဲ့
 (၃) လူတိုင်းက တိုင်းရင်းဆေးရမ်းကု လုပ်နေကြခြင်းလို့ မြင်ပါတယ်။ 

အခုနပြောသလို တိုင်းရင်းဆေးရမ်းကုတွေကိုတော့ လူတွေက ရမ်းကုလို့ မမြင်ပါ။
အဲဒီ တိုင်းရင်းဆေးရမ်းကုတွေ ကြောင့် တိုင်းရင်းဆေးနာမည်ပျက်တာပါလို့ ဆိုပါရေစ။

 တိုင်းရင်းဆေးကို လေးစားပေမဲ့ ဘေးထွက်ဆိုးကျိုးလုံးဝ မရှိဘူးလို့ဆိုလာရင်တော့ လုံးဝ ကန့်ကွက်ပါတယ်။ ကိုယ်မကျွမ်းကျင်တဲ့ ဘာသာရပ်ဖြစ်တော့ တိုင်းရင်းဆေးကျမ်းကြီးတွေလဲ လက်လှမ်းကမမှီတော့ တိုင်းရင်းဆေး ကို စနစ်တကျသင်ထားသူတယောက်ရဲ့စာကိုဘဲ ကိုးကားပါရစေ။

http://gilgamesh-blog.blogspot.com/2009/02/blog-post_10.html 

အမှားပါရင်ကြိုတင်တောင်းပန်ပါတယ်။
ဗုဒ္ဓရဲ့ ဘာသာအယူ ယုံကြည်မှုနဲ့ ဆိုင်တဲ့ အဆုံးအမလေးတခုက လက်တွေ့မှာ လောကီရေးရာ ပညာရပ်ဆိုင်ရာ ယုံကြည်မှုတွေနဲ့ လဲ ဘောင်ဝင်နေတာမို့ ဒီနေရာမှာ တခါတည်းဖော်ပြပါရစေ။
ကာလာမသုတ္တန်လေးပါ။
အညတရ ဖိုးသုည။






ဆေးလောကက အကြောင်းအရာနှစ်ခုကိုနှစ်ခုနှိုင်းယှဉ်ကြရာဝယ် (ယူနီကုဒ်)

ဆေးလောကက အကြောင်းအရာနှစ်ခုကိုနှစ်ခုနှိုင်းယှဉ်ကြရာဝယ်


မမျှော်လင့်ထားတဲ့ ပိုစ့်လေးတခု ဖေစ့် ဘွတ်ခ် မှာတွေ့လိုက်ရတော့ ဒီပို့ လေး ရေးဖို့ စိတ်ကူးရသွားတယ်။
ဘယ်သူ့ကိုမှ ဝေဘန်တာ ဆန့်ကျင်တာမဟုတ်ပါဘူး၊ နားလည် လေ့လာထားတာလေးတချို့ ကို မျှဝေတဲ့ သဘောပါ။ ဖတ်မိသူများ စိတ် အခန့်မသင့် ဖြစ်စေခဲ့သော် နားလည်ခွင့် လွှတ်ပေးဖို့  ကြိုတင် တောင်းပန်ပါရစေ။ လွှဲမှားနေတာလေးတွေ တွေ့ရင်လဲ  ထောက်ပြ ဝေဘန်ပေးပါ၊ ပြန်လည် စီစစ်ပေးပါမယ်။

" သဘာဝ ဆေး ပညာ ကြောင့်
သေဆုံးရတဲ့လူနာအရေအတွက်
မရှိသလောက်နည်း ပါတယ် ။
မြန်မာ ့တိုင်းရင်းဆေး ကြောင့်
သေဆုံးရတဲ့အရေအတွက်လည်း
အတော် ဘဲနည်း ပါတယ်။
အနောက်တိုင်း ဆေးပညာဖြင့်ကုသ
၍ သေဆုံး သွား သော လူနာအရေ
အတွက် ကတော့ တနှစ် တနှစ် ကို
တစ်သိန်း အထက်မှာ ရှိနေပါတယ် ။" ဆိုတဲ့ ပို့စ်လေးတခုပါ။

တခါ က လူမျိုးပေါင်းစုံရှိတဲ့ နိုင်ငံတခုမှာ သုတေသနစာတမ်းတခုဖတ်တယ်။
အဲ ဒီနိုင်ငံက မြန်မာပြည်လိုဘဲ လူမျိုးစုတခု ( ကကြီးလူမျိုး ဆိုပါစို့) က ၇၅ရာနှုန်းလောက်ရှိပြီး နောက်လူမျိုးတစု ( ခကွေးလူမျိုး ဆိုပါစို့) က ၁၅ ရာနှုန်းလောက်၊ ကျန်တာက အနည်းစုပေါ့။
သုတေသနစာတမ်း ဖတ်သူက ကိန်းဂဏန်းတွေ ကို အခုလိုပြောပါတယ်၊
ဥပမာ  ဒီနိုင်ငံမှာ  ဒီ ရောဂါတခုကို လူထုထဲမှာ စမ်းသပ်စစ်ဆေးပါတယ်။ ငါးနှစ်အတွင်း  စစ်ဆေးသူ ၅၀၀၀၀ မှာ  ရောဂါ ဖြစ်ပွားသူ  ၁၅၀၀ တွေ့ရှိပါတယ်၊
အဲဒီထဲမှာ ၁၁၀၀ (ရောဂါဖြစ်သူ အားလုံးရဲ့ ၇၃.၃၃ ရာနှုန်း ) က ကကြီးလူမျိုး တွေဖြစ်ပြီး ၃၅၀ (ရောဂါဖြစ်သူ အားလုံးရဲ့ ၂၃.၃၃ ရာနှုန်း) က ခကွေးလူမျိုး တွေဖြစ်နေတာတွေ့ပါတယ်၊ ကျန် ၅၀ ကတော့ လူနည်းစုလူမျိုးတွေပါ ပေါ့။
ရုတ်တရက်တော့ ၊အော် ကကြီးလူမျိုး တွေ က ဒီရောဂါ ပိုဖြစ်ပါလားပေါ့။
အဲဒီမှာ တယောက်ကထ ထောက်ပြတယ် ကိန်းဂဏန်းကို နှိုင်းယှဉ်ရင် တူရာတူရာကိုသာယှဉ်ပါတဲ့။
လူမျိုးစု အချိုးအစားမတူတဲ့ နိုင်ငံမှာ  လူမျိုးတခုချင်းရဲ့ ရောဂါ ဖြစ်ပွားမှု ကို အရေအတွက်နဲ့ နှိုင်းယှဉ်လို့ မရပါ၊ ရောဂါ ဖြစ်ပွားမှု နှုန်း ကို နှိုင်းယှဉ်မှသာ မှန်ကန်ပါတယ်တဲ့။ 
အရေအတွက်များတဲ့ လူမျိုးထဲမှာ ရောဂါဖြစ်သူလဲများမှာ သဘာဝပါဘဲဆိုတော့ အားလုံး သဘောပေါက်ပြီး ပြန်တွက်ခိုင်းတယ်။
ကကြီး လူမျိုး စစ်ဆေးသူ  ၃၈၀၀၀  ယောက် မှာ  ရောဂါတွေ့ရှိသူ  ၁၁၀၀၊ ထို့ကြောင့် ရောဂါဖြစ်ပွားနှုန်း ၂.၈၉၄ ရာနှုန်း ဖြစ်ပြီး

ခကွေးလူမျိုး စစ်ဆေးသူ  ၉၈၀၀  ယောက် မှာ  ရောဂါတွေ့ရှိသူ  ၃၅၀၊ ထို့ကြောင့် ရောဂါဖြစ်ပွားနှုန်း ၃.၅၇၁ ရာနှုန်း ဖြစ်နေတာတွေ့ရပါတယ်။
အဲဒီတော့ ခကွေးလူမျိုး က ကကြီး လူမျိုးနဲ့ ယှဉ်ရင် လူမျိုးတခုချင်းစီမှာ အဲဒီရောဂါဖြစ်တဲ့ ဖြစ်ပွား နှုန်း ပိုများတယ် ဖြစ်သွားရော။
ဒါတောင်မမှန်သေးပါဘူးတဲ့
ဒီရောဂါက အသက်ကြီးတဲ့ လူတွေမျာပိုဖြစ်တဲ့ ရောဂါ ဖြစ်နေတယ်၊ အဲဒီတော့ စပ်းသပ်တဲ့ လူတွေရဲ့ အသက် အုပ်စုခွဲပြီး တူတဲ့ အစုချင်း နှိုင်းယှဉ်မှ မှန်မယ်တဲ့။
ဥပမာ သက်ကြီးပိုင်းများတဲ့ ခကွေးလူမျိုး တွေရဲ့ ရောဂါ ဖြစ်နှုန်းကို သက်လတ်ပိုင်းများတဲ့ကကြီး လူမျိုး တွေရဲ့ ရောဂါ ဖြစ်နှုန်း နဲ့ သွားယှဉ်ရင်တော့ ခကွေးလူမျိုး တွေရဲ့ ရောဂါ ဖြစ်နှုန်း ကများတာပေါ့။
ဖြစ်သင့်တာက သက်ကြီးပိုင်း ခကွေးလူမျိုး တွေရဲ့ ရောဂါ ဖြစ်နှုန်း ကို သက်တူရွယ်တူ ကကြီး လူမျိုး တွေရဲ့ ရောဂါ ဖြစ်နှုန်း နဲ့ယှဉ်ကြည့် ၊
သက်လတ်ပိုင်း ခကွေးလူမျိုး တွေရဲ့ ရောဂါ ဖြစ်နှုန်း ကို သက်တူရွယ်တူ ကကြီး လူမျိုး တွေရဲ့ ရောဂါ ဖြစ်နှုန်း နဲ့ယှဉ်ကြည့်၊
တူရာ အုပ်စုတွေရဲ့ ရောဂါ ဖြစ်နှုန်း တွေကိုနှိုင်းယှဉ်မှမှန်ပါတယ်တဲ့။

အထက်က ပိုစ့် က မှတ်ချက်ကလဲ ဒီလိုပါဘဲ
အနောက်တိုင်း ဆေးပညာဖြင့်ကုသ သူ အရေအတွက် များရင် သူနဲ့ ကုရင်း သေဆုံး သွား သော လူနာအရေ
အတွက် ကလဲများပါမယ်။

မြန်မာ ့တိုင်းရင်းဆေး ကြောင့် သေဆုံးရတဲ့အရေအတွက်လည်း အတော် ဘဲနည်း လို့ ပြောနိုင်ဖို့ မြန်မာ ့တိုင်းရင်းဆေး ကို သုံးကုသခံသူ အရေအတွက် ဘယ်လောက်မှာ သေသူဘယ်လောက်၊ ဒါကြောင့် ေသနှုန်း ဘယ်လောက် လို့ပြောရပါမယ်။
အဲဒီသေနှုန်းကို အနောက်တိုင်း ဆေးပညာဖြင့်ကုသ ခံသူ အရေအတွက်
ဘယ်လောက်မှာ သေသူဘယ်လောက်၊ ဒါကြောင့် သေနှုန်း ဘယ်လောက် ဆိုတာနဲ့ ယှဉ်ရပါတယ်။
ဒါတောင် ဖြစ်တဲ့ ရောဂါ၊ ကုသခံသူတွေရဲ့ အသက်၊ ရောဂါ ကျွမ်းရင့်နေမှု စတာတွေတူရာအုပ်စုတွေ ခွဲပြီး နှိုင်းယှဉ်ရပါမယ်။
တိုင်းရင်းဆေး ကို သုံး ကုသခံသူတွေက ရောဂါ ကျွမ်းရင့်တွေများနေရင် တိုင်းရင်းဆေး  ကြောင့် သေဆုံးရတဲ့နှုန်းလဲမြင့်သွားမှာပေါ့။
တိုင်းရင်းဆေး ကို သုံး ကုသခံသူတွေက သာမန် ကိုက်ခဲ ဖျားနာသူတွေများနေရင် တော့ တိုင်းရင်းဆေး  ကြောင့် သေဆုံးရတဲ့နှုန်းလဲနည်းသွားမှာပေါ့။
ဒါကြောင့် ဆေးပညာနှစ်ခုရဲ့ သေနှုန်းကို နှိုင်းချင်ရင် အဲဒီပညာတွေသုံး ကုသခံသူတွေကို
တူရာအုပ်စုတွေ ခွဲပြီး တစုချင်းစီရဲ့ သေနှုန်းချင်း နှိုင်းယှဉ်မှ မှန်နိုင်ပါတယ်။
အများသိသာအောင် ရှင်းပြရင်လဲ ကိန်းဂဏန်းလေးတွေပါ ပါရင် ပို လက်ခံရလွယ်ပါတယ် ဆိုပါရစေ။
သိသမျှ မျှဝေတာပါ။ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။
ဝေဘန်ထောက်ပြမှုတွေကို ကြိုဆို ပညာယူနေပါမယ်။
ဖိုးသုညပါ။